Facebook Comments Box
အကြွေးပြန်တောင်းရမှာအားနာသူတွေအတွက်

အကြွေးပြန်တောင်းရမှာအားနာသူတွေအတွက်

ပိုက်ဆံတစ်ခုတည်းနဲ့ စားဝတ်နေရေးအရာအားလုံး ရပ်တည်နေရချိန်မှာ ကိုယ့်ပိုက်ဆံတွေသူများဆီမှာ အလဟသတ်ပေးထားရတာမျိုး သင်အဖြစ်ခံတော့မလို့လား။

သင့်ဆိုင်မှာအမြဲလာဝယ်နေကျ ဖောက်သည်က အကြွေးမပေးတာပဲဖြစ်ဖြစ်၊ ခင်လို့မင်လို့ ပိုက်ဆံချေးထားတာပဲဖြစ်ဖြစ်၊ ကိုယ်အလုပ်လုပ်ပေးထားတဲ့ ပိုက်ဆံတွေကို အလုပ်ရှင်ဖက်ကမပေးသေးဘဲ ကြန့်ကြာနေတာမျိုးတွေကို သင်တောင်းရမှာ အားနာစိတ်ဖြစ်တတ်တယ်မဟုတ်လား။

ရည်ရှည်ဆက်ဆံရမယ့်လူတွေဖြစ်တာကြောင့် ပိုက်ဆံလေးတစ်ခုတည်းနဲ့ မျက်နှာပျက်စရာတွေ၊ စိတ်ခုစာတွေဖြစ်သွားမှာ စိုးရိမ်တတ်ကြတာသဘာဝပါပဲ။

ဒါပေမဲ့လည်း ကိုယ့်ဖက်ကိုယ်ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ပိုင်ဆိုင်မှုတွေ၊ ရှာဖွေထားတဲ့ပိုက်ဆံတွေနဲ့ လုပ်အားခတွေမလို့ သင့်ဆီမှာ တောင်းပိုင်ခွင့် အပြည့်အဝရှိနေတယ်ဆိုတာ မေ့မပစ်ပါနဲ့ဦး။

ဒီအတွက် အကြံပြုချင်တဲ့အချက်လေး ၄ ချက်ရှိတာကြောင့် ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။

(၁) တောင်းကြည့်ပါ။

ပိုက်ဆံပေးစရာရှိတဲ့လူတွေက အားမနာဘဲ ပိုက်ဆံရစရာရှိလို့ တောင်းရတဲ့လူတွေကပဲ အားနာကြရတာ ယနေ့ခေတ်ရဲ့ သဘာဝတရားကြီးလို ဖြစ်နေပါပြီ။

တချို့ကျတော့ ကိုယ့်ကိုပေးစရာရှိတာကို အလုပ်တွေများနေလို့ မေ့လျော့နေတာမျိုးတွေရှိတတ်ပါတယ်။

ဒီလိုအခြေအနေအမျိုးတွေမှာ ကိုယ်က ကျွန်တော်/ကျွန်မကို ပိုက်ဆံလေးပေးဖို့ကျန်သေးပါတယ်နော် ဆိုပြီး သတိသွားပေးသင့်ပါတယ်။

တချို့ကျပြန်တော့လည်း ကိုယ်မတောင်းမချင်းမပေးဘဲ အမေ့ခံကြသူတွေလည်း ရှိနေသေးတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်ရစရာရှိတဲ့ပိုက်ဆံကို မရမချင်းမကြာခဏသွားသွားတောင်းနေပါလို့ အကြံပေးချင်ပါတယ်။

(၂) လျှော့သင့်လျှော့၊ တိုးသင့်တိုးပါ

ပိုက်ဆံချေးတာတို့၊ ပစ္စည်းအရောင်းအဝယ်လုပ်တာတို့မျိုးမှာဆို ပိုက်ဆံအကြေပြန်ပေးရမယ့် အချိန်ကာလတစ်ခုကို သတ်မှတ်လိုက်ပြီး အတိုးယူပါ။

ပေးစရာရှိတဲ့လူတွေကတောင် အားမနာနိုင်ဘဲ အချိန်ဆွဲသေးတာပဲ ကိုယ့်ဘက်ကလည်း ကတိမတည်တဲ့သူတို့အပေါ် အတိုးယူဖို့ ဝန်မလေးပါနဲ့။

(၃) ကြိုတင်ပြင်ဆင်ထားပါ။

အခုခေတ်မှာက ဘဏ်ပေါင်းစုံက ATM ကတ်တွေ၊ ပိုက်ဆံလွှဲတဲ့ပြင်ပဝန်ဆောင်မှုတွေနဲ့ ဖုန်းထဲကနေတောင် ပိုက်ဆံလှမ်းလွှဲနိုင်တဲ့အထိ လွယ်ကူသက်သာအချိန်ကုန်သက်သာစေမယ့် နည်းလမ်းတွေအများကြီးရှိလို့နေပါတယ်။

လူချင်းမတွေ့ဖြစ်လို့ ပိုက်ဆံမပေးရဘူးမဖြစ်ရလေအောင် ကိုယ့်ဖက်ကနေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ တစ်ဖက်လူက ဘဏ်တစ်ခုက mobile banking နဲ့ လွှဲမယ်ဆိုပါစို့။

ကိုယ့်ဆီမှာ အဲဒီဘဏ်နဲ့ပတ်သက်ပြီး စာအုပ်ရော၊ ATM ရော ဘာဆိုဘာမှမရှိဘူးဆိုရင်တောင် တခြားကိုယ့်အသိထဲကလူတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ပိုက်ဆံမရရအောင်လွှဲခိုင်းလိုက်ပါ။

အရေးကြီးတာ ကိုယ့်ကိုယ်ပိုင် account ထဲ ငွေဝင်ဖို့မဟုတ်ဘဲ ကိုယ့်လက်ထဲ ငွေရောက်လာဖို့ပဲမဟုတ်လား။

(၄) အကြွေးတွေကို မလျှော်ပေးပါနဲ့။

သံသယာအကြွေးပဲ ဆပ်ကြတော့ဆိုပြီး အကြွေးတွေကို လျှော်ပေးလိုက်တာဟာ သိပ်ကိုမှားယွင်းတဲ့အလုပ်ပါနော်။

ဖုန်းဆက်ပြီးလည်း တောင်းလို့မရဘူး၊ စာပို့ရင်လည်း ပြန်မပို့ဘူးဆိုရင်တော့ အကောင်းဆုံးအကြံပေးချင်တာက သူ့ရဲ့အလုပ်ပဲဖြစ်ဖြစ်၊

အိမ်ကိုပဲဖြစ်ဖြစ်လိုက်သွားပြီး လူချင်းမျက်နှာချင်းဆိုင်တွေ့၊ လူတွေရှေ့မှာပဲ ခပ်ပြတ်ပြတ်တောင်းလိုက်ပါတော့။

ပိုက်ဆံတွေပြန်မရဘူးဆိုရင်တောင် အနည်းဆုံးတော့ သင့်ကိုရှိန်သွားပါလိမ့်မယ်။

အကယ်၍ ကိုယ်ကစာချုပ်စာတမ်းနဲ့ ချေးထားတယ်ဆိုရင်တော့ လူချင်းတွေ့တောင်းတာ မရခဲ့သည်ရှိသော် ရှေ့နေကတစ်ဆင့် စာပို့်ခိုင်းလို့ရပါတယ်။

ငွေပြန်ရဖို့ လုံးဝလမ်းမမြင်တော့သည့်တိုင်အောင် အဲဒီလူကို

သင်အားတဲ့အချိန်တိုင်း အချိန်ပေးပြီး လူကိုယ်တိုင်သွားတောင်းတာတွေ၊ ဖုန်းခဏခဏဆက်တာမျိုးတွေ၊ ကြုံရင်ကြုံသလို လူကြုံပါးတာမျိးတွေ လုပ်ကိုလုပ်ပေးပါ။

တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ နားပူနားဆာကိုက်ဖို့ အစွမ်းကုန် ကြိုးစားသင့်ပါတယ်။

သင်ကသာစေသနာရှိလို့ သူများအခက်တွေ့နေတုန်း ကူညီလိုက်ပေမယ့် သင်မရှိတော့တဲ့အခါ ကူညီပေးမယ့်လူက လက်ငါးချောင်းတောင် ပြည့်မှာမဟုတ်ပါဘူး။

ဒီအပြင် ရစရာရှိတဲ့ပိုက်ဆံတွေဟာလည်း ကိုယ့်အပိုင်ဖြစ်တာကြောင့် ကိုယ့်မှာပြန်တောင်းပိုင်ခွင့် အပြည့်အဝရှိတယ်ဆိုတာ မြဲမြဲမှတ်ထားပေးကြပါ။

အကြွေးပြန်ရစရာရှိသူများ အမြန်ဆုံးပြန်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box