လူသားစားတဲ့ အကောင်ကြီး
စာရေးသူ ✍️ အစိမ်းရောင်.
နားထဲမှာတော့ တစ်ဂျစ်ဂျစ်နဲ့ အသံတွေ ကြားလာရတာကိုတော့ သူလည်း သတိထားမိခဲ့သည်။ ရုတ်တရက် ဘယ်ရောက်နေလည်း ဆိုတာကို စဉ်းစား၍ မရချေ။ ခေါင်းထဲမှာကလည်း အနည်းငယ် မူးဝေနောက်ကျိ နေလေသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်လေတော့ မှောင်မှောင်မဲမဲ နှင့်ပင်။ ဘယ်အရာကိုမှ သဲသဲကွဲကွဲတော့ မတွေ့ရသေး။ ထို့နောက် မှာတော့ သိလိုက်ရသည်က…
"ဟင်… ငါရောက်နေတာ ကားထဲမှာပါလား"
ဆိုပြီး အထိတ်တလန့် တွေးမိလိုက်သည်။ တဆက်ထဲမှာပဲ သတိရလိုက် မိသည်ကား…
"ဟိုကောင်တွေရော ဘယ်ရောက် သွားကြပါလိမ့်"
စသဖြင့် အတွေးနဲ့ အတူ ခေါင်းကို ငှဲ့စောင်းကာ ကြည့်လိုက်မိသေးသည်။ မတွေ့ရ။ စောစောက မှောင်နေပေမဲ့ အမှောင်ထဲ အနေကြာလာလေတော့ သဲသဲကွဲကွဲ မဟုတ်တောင်မှ အနည်းငယ်တော့ မြင်လာရသည်။
ပတ်ဝန်းကျင်မှာတော့ အမှောင်ထုက ကြီးစိုးလျက် ရှိနေသည်။ ကြည့်ရတာတော့ တောကြီး တစ်ခုအတွင်း ရောက်နေသည့်ပုံ။ ထကြည့်ပေမဲ့ ခေါင်းက မူးနေသေးတော့ ရုတ်တရက် မထနိုင်သေး။ ဒီတော့လည်း ခဏတာ ပြန်လှဲနေလိုက်ရင်း ဖြစ်ပျက်ပုံတွေကို ခေါင်းထဲ တွေးလိုက် မိတော့ အစီအရီပင် ပြန်လည် ပေါ်လာခဲ့သည်။
ကားလေးတစ်စီး အတွင်းမှာ လူငယ် လေးယောက်သား ပျော်ပျော်ရွှင်ရွှင် ဖြင့် သီချင်းတွေ ဆိုလာကြကာ မောင်းလာသည်။ နေရာက တောတန်းလေး တစ်နေရာ။ ကားပေါ်မှာတော့ မင်းမင်း။ ဘိုဘို။ ငဖြိုး။ ဖိုးကျော် စသဖြင့် လေးဦး။ သူတို့ကတော့ သူငယ်ချင်း လေးယောက်ဖြစ်သည်။ ဒီတောတန်းလေးကို ရောက်ရှိနေသည်ကတော့ ဒီတော ဒီတောင် ကျော်လာရင်တော့ လမ်းကြီး တစ်ခုကို ရောက်ရှိပေမည်။
တက္ကသိုလ် တစ်ခုမှာ စာတမ်းပြုစုဖို့ ယခုလို ခရီးထွက်လာ ခဲ့ခြင်းပင်။ ယခု မောင်းလာသည့် တောတောင် တွေ လွန်ရင်တော့ ရွာလေးတစ်ရွာကို ရောက်ပေမည်။ ထိုရွာလေးမှာတော့ ဘိုဘို၏ ဦးလေးဖြစ်သူ ရှိလေ သည်။ ဒီတော့ သုသေသန စာတမ်းအတွက် အထောက်ကူရရှိပေလိမ့်မည်။ ကားမောင်းလာသူကတော့ မင်းမင်း။ သူကလည်း မိဘတွေမှာ ပိုက်ဆံ ရှိလေသောကြောင့် ယခုလို မပူမပင်ပဲ ခရီးထွက် နိုင်ဖို့ စားရိတ်ခံ ခေါ်လာခဲ့လေသည်။
မြို့လမ်းတွေ ကျော်လာပြီး တောအတွင်း ရောက်လာလေတော့ လမ်းက သိပ်ပြီး မကောင်းလှပေ။ ထိန်းသိမ်း မောင်းနေပေမဲ့ အတော်ကြီးကို သတိထားနေရလေသည်။ သူလည်း ကားမောင်းတာ ကြာပြီ ဖြစ်ပေမဲ့ ယခုလို တောတွင်းက လမ်းကိုတော့ မမောင်းဖူးခဲ့။ ချိုင့်တွေ ခွက်တွေ။ ကျောက်စရစ်ခဲ့တွေ။ ဂမူတွေဖြင့် ကားလေးကတော့ လူးလှိမ့် နေလေသည်။
တစ်နေရာသို့ အရောက်မှာတော့ အကွေ့တစ်ခုမှာ အရှိန်လွန်ကာ စလစ်ဖြစ်သွားပြီး ကားကို မထိန်းနိုင်တော့ပဲ လမ်းချော်ကာ လမ်းဘေး တောင်စောင်းထဲကို အရှိန်ဖြင့် ထိုးကျခဲ့ကြလေသည်။ ထို့နောက်မှာတော့ သူလည်း သတိမေ့နေခြင်းပင် ဖြစ်ခဲ့သည်။ ကားက မမှောက်သွားပဲ ဒီအတိုင်းပင် ထိုးကျသွားခဲ့လို့ တော်ပေရော့သည်။ မဟုတ်လျင်တော့ သူမတွေးရဲတော့။ အခုချိန်ထိ အသက်နှင့်ခန္ဓာ မြဲနေလို့သာပဲ။ ဘယ်ရောက် နေမှန်းလည်း မသိတော့ပေ။
ထိုသို့ တွေးရင်းဖြင့် စောစောတုန်းက တဂျစ်ဂျစ်နဲ့ ကြားနေရသည့် အသံကို ပြန်လည်၍ သတိပြုမိ လိုက် သည်။ ဟုတ်ပါရဲ့။ ဒါက ဘာအသံများလည်း။ ကားကို တစ်စုံ တစ်ခုက ကုတ်ခြစ်နေသည့် အသံမျိုး။ တွေးနေရင်းဖြင့် ထို တဂျစ်ဂျစ်နဲ့ အသံက ထပ်မံ၍ ကြားလာခဲ့ရလေသည်။ ဒီတော့ မင်းမင်းလည်း အရဲစွန့်ပြီး အသံကြားရာ ဆီသို့ အသာလေး ကြည့်လိုက် မိလေတော့…
"ဟာ… အမယ်လေးလေး ဘုရား… ဘုရား… ဘာကောင်ကြီးပါလိမ့်"
ဆိုပြီး အာမေဋိတ် ပြုလိုက် မိသည်။ သူမြင်နေရသည်က မှောင်မှောင်မဲမဲ ထဲမှာ အကောင်ကြီး တစ်ကောင်။ ဘာအကောင်ကြီး လည်းတော့ မသိပေ။ ရုတ်တရက် ကြည့်လိုက်ရင်တော့ လူတစ်ယောက်လို့ ထင်လိုက်ရပေမဲ့ သေချာလေး ပြန်လည် ကြည့်လိုက်တော့ လူရုပ် လူခန္ဓာကိုယ်နှင့် မဟုတ်။ သူလည်း ကားထဲမှာဆိုတော့ မျက်လုံးကိုပင် ပွတ်သတ်ပြီး ပြန်ကြည့်မိသည်။
ဆံပင်က ရှည်ရှည် ခါးက ကိုင်းကိုင်း လက်နှစ်ဖက်က အောက်သို့ တွဲကျနေ သေးသည်။ မျက်နှာကလည်း လူဝံ တစ်ကောင်ရဲ့ မျက်နှာမျိုးနှင့် ဖြစ်လေသည်။ ပြီးတော့ လူကောင်ကလည်း အတော်ပင် ကြီးမားသည်။ လရောင်ကြောင့်သာ အတန်ငယ် မြင်နေရခြင်းပင်။ သူလည်း အစတုန်းက မျောက်ကြီး တစ်ကောင်လို့ ထင်နေခဲ့ ပေမယ့် သေချာကြည့်မိတော့ ခန္ဓာကိုယ်မှာက အဝတ်အစားတွေ ရှိနေသေးသည်။ ဒါပေမဲ့ အကောင်း တိုင်းတော့ မဟုတ်ပေတော့။ အစုတ်စုတ် အပြတ်ပြတ်ပင်။ သို့ကြောင့် လူတစ်ယောက်ဟု ထင် နေခဲ့ပေမဲ့ လူဟုပင် မဆိုသာချေ။
သူလည်း တွေးမရတော့။ ဘယ်လို သတ္တဝါပါလိမ့်။ လူလား။ သရဲတစ္ဆေပဲလား။ သရဲတစ္ဆေတော့ မဟုတ် လောက်ပေ။ အကြောင်းကတော့ မျက်စိရှေ့မှာ တွေ့နေရသည်ပဲ။ ကားကို ပတ်ချာလှည့်ကာ လက်သည်း ရှည်ကြီးတွေနှင့် လိုက်လံ ကုတ်ခြစ်နေလေသည်။ သူကြားနေသည့် တဂျစ်ဂျစ် ဆိုသည့် အသံက ထို အကောင်ကြီးက ကားကို ခြစ်ကုတ်နေသည့် အသံပင်။
ထိုစဉ် သူ့ပုခုံး တစ်ဖက်ကို တစ်ယောက်ယောက်က ဖျပ်ခနဲ လာကိုင်လိုက် လေသောကြောင့်…
"အမယ်လေး ဘာလည်းဟ"
ဆိုပြီး အလန့်တကြား ထအော်လိုက် မိသည်။ ထိုအခါ သူ့နောက်ကျောမှ အသံတစ်သံက ထွက်ပေါ် လာလေတော့သည်။
"ဟေ့ကောင် မင်းမင်း ငါပါဟ"
ဒီတော့မှ သူလည်း အံ့သြသွားကာ အသံပိုင်ရှင်ကို ပြန်ပြောလိုက်သည်။
"ဟာ… ဘိုဘို မင်းကွာ အသံမပေး ဘာမပေးပဲ"
ထိုအခါ ဘိုဘိုက လေသံတီးတိုးဖြင့် …
"တိုးတိုးပြော မင်းမင်း… ငါလည်း အခုမှ သတိရတာ … အပြင်က အကောင်ကြီးကို တွေ့ပြီးပြီ တိတ်တိတ်လေးနေ နောက်မှပြော"
ဆိုပြီး မင်းမင်းကို ဘိုဘိုက သတိပေးထားလိုက်သည်။
ဘိုဘို့မှာလည်း သတိရလာလေတော့ ကားထဲမှာဆိုတာကို သတိပြုမိ လိုက်သည်။ ပြီးတော့ သတိထား ကြည့်လိုက်တော့ အရှေ့မှာ မင်းမင်းကို တွေ့လိုက်ပြီး ကျန်နှစ်ယောက်ကိုတော့ မတွေ့ရ ပေ။ နားထဲမှာ လည်း ကုတ်ခြစ်နေသံ ဂျစ်.. ဂျစ်.. ဂျစ်.. ဂျစ်.. နဲ့ ကြားနေရတော့ အသံ မထွက်ရဲတော့ပဲ အခြေနေကို စောင့်ကြည့် နေခြင်းပင်။ လရောင်နှင့် အပြင်မှာ မြင်လိုက်ရသည်ကား ပုံဆိုးပန်းဆိုးဖြင့် လူလိုလို တစ္ဆေ လိုလို မျောက်ဝံ့ကြီးလိုလို အကောင်ကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ ဒါ့ကြောင့် အသံတိတ်နေရန် မင်းမင်းကို သတိပေးလိုက်ခြင်း ဖြစ်လေသည်။
တဂျစ်ဂျစ်နဲ့ အသံကတော့ ထိုအကောင်ကြီးက သူတို့ရဲ့ ကားကို လက်သည်းတွေနဲ့ လိုက်လံ ကုတ်ခြစ် နေခြင်းပင်။ ထို့ကြောင့် အသံပင် မထွက်ရဲပဲ ကားထဲမှာပင် ငြိမ်နေရလေသည်။ ခဏ အကြာမှာတော့ ကား ကို ဖွင့်မရမှန်း သိသွားတာလား ဒါမှမဟုတ် စားစရာ မဟုတ်ပဲ တွေးမိသွားတာလားတော မသိ ခြေလှမ်း ကျဲကြီးဖြင့် အမှောင်ထဲကို တရွေ့ရွေ့ဖြစ် ပြန်လည် ထွက်ခွာသွားတာကို တွေ့လိုက်ရသည်။
ထိုအခါမှပင် မင်းမင်းနဲ့ ဘိုဘိုလည်း စိတ်အေးသွားကာ သက်ပြင်းကိုယ်စီ ချလိုက်နိုင်တော့သည်။ ကားကို ကုတ်ခြစ်နေ၍သာ တော်ရော့သည်။ သူ့အားကြီးနဲ့ တွန်းထွက်လိုက်လျင်တော့ မလွယ်။ ခုလို ပြန်ထွက်သွား တာပဲ ကျေးဇူးတင်ရမလိုပင်။
"ကဲ… ဘိုဘို ငါတို့ ဘယ်ရောက်နေ ကြတာလည်း မင်းသိလား"
"ငါလည်း မသိဘူးကွ… ငါတို့ တောင်စောင်းပေါ်ကနေ လိမ့်ကြလာတာပဲ သိတော့တယ်… ဘယ်ရောက် နေ လည်း ဆိုတာတော့ မပြောတတ်တော့ဘူး"
"အေးကွာ… ဟိုနှစ်ကောင်လည်း ဘယ်မှာ ပြုတ်ကျခဲ့လည်း မသိဘူး"
"ဟုတ်တယ် ဘယ်လို လုပ်ရမလည်းတောင် မသိတော့ဘူးကွာ"
ဘိုဘိုလည်း စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်သည်။ ပါလာတာက လေးယောက်။ ကျန်တဲ့ နှစ်ယောက်က ဘယ်ရောက်နေမှန်းလည်း မသိ။ သူတို့လည်း သတိမေ့နေခဲ့တာ ဘယ်လောက်ကြာပြီ လည်းပင် မတွေး တတ် တော့ပေ။ ထိုအခိုက် ဘိုဘိုက တစ်ခုခုကို စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"နေဦးကွ… ဒီနေရာက ငါတို့ ပြုတ်ကျတဲ့ နေရာနဲ့ မဝေးလောက်ဘူး ဘာလို့လည်းဆိုတော့ အရမ်းဝေးနေရင် ငါတို့လည်း အသက်ရှင်နိုင်မယ် မထင်ဘူးကွ.. ဒီအတိုင်း နေမဲ့အစား လမ်းလေးဘာလေး ရှာကြည့်ရင် ကောင်းမယ်"
ဆိုပြီးပြောလိုက်တော့ မင်းမင်းကလည်း…
"အေး… အဲ့ဒါ ကောင်းတယ် ထိုင်နေလည်း အလကားပဲ"
ဆိုပြီး ပြောလိုက်ကာ နှစ်ယောက်သား ကားထဲက ထွက်လိုက်ကြကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
တောဆိုပေမယ့် ရှုပ်နေတာမျိုးတော့ မဟုတ်ပေ။ သစ်ပင် နည်းနည်းပါးပါးနှင့် ဝါးပင်တွေ လောက်သာ ရှိလေသည်။ သူတို့လည်း သတိကြီးစွာထားပြီး ရှေ့ဆက် လျောက်ကြည့် လိုက်ကြသည်။ ထိုစဉ်မှာ မင်းမင်း က တစ်စုံတစ်ရာကို သတိရသွားပြီး ဘောင်းဘီ အိတ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်သည်။ ဘောင်းဘီ အိပ် ထဲကို လက်နှိုက်ကာ ဖုန်းထုတ်လိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့…
"ဟာ… ကောင်းရောကွာ"
ဆိုပြီး ညည်းညူ လိုက် မိတော့သည်။ အကြောင်းကတော့ ဖုန်းက တစ်စစီ ကွဲကြေလျက် ဖွင့်လို့တောင် မရတော့ပေ။ ဒီတော့ ဘိုဘို့ကို လှမ်းပြောလိုက်သည်။
"ဘိုဘို မင်းမှာ ဖုန်းပါလာတယ် မဟုတ်လား ထုတ်ကြည့်လိုက် ပါအုံးကွာ"
ထိုအခါ ဘိုဘိုက ဘောင်းဘီအိပ်ထဲကို စမ်းကြည့်လိုက်ပြီးမှ သတိရသွားဟန်ဖြင့် …
"နေအုန်းကွ လမ်းမချော်ခင်တုန်းက ငါ့ဖုန်းကို ငဖြိုး ခဏဆိုပြီး ယူထားတာလေကွာ မင်းကလည်း"
ဘိုဘိုလည်း အခုမှ စိတ်ပျက် မိသည်။ အရေးအကြောင်းဆို ပါလာတဲ့ ဖုန်းတွေက ဘာအသုံးမှ မဝင်တော့။ ကားလမ်းမချော်ခင် အချိန်မှာ ငဖြိုးက ဘိုဘိုဖုန်းကို ခနငှားကာ ဆက်နေသေးတာကို မင်းမင်းလည်း အခုမှ သတိရလိုက် မိလေသည်။
"အေး… ဟုတ်သားပဲ ဒီကောင် ဖုန်းတောင်းနေတာ ငါလည်း ကြားလိုက်တယ်"
"အခု ဘယ်လို လုပ်ကြမလည်းကွာ ညကြီးမိုးချုပ်"
ထိုအခါ မင်းမင်းက ကားထဲမှာများ ဓာတ်မီးလေးဘာလေး ရှိငြား သွားကြည့်မယ်ဟု တွေးမိလိုက်ကာ …
"ကားထဲ ခဏ သွားကြည့်မယ်ကွာ ဓာတ်မီးလေးဘာလေး ရှိမလားလို့"
ဆိုပြီး ကားဆီကို ပြန်လှည့်သွားကြလေသည်။ သူတို့နှစ်ယောက် ကားနားကို အရောက် မှာပဲ အနောက်ဘက် ကနေ တဖုန်းဖုန်းနဲ့ ပြေးလာတဲ့ ခြေသံကြီး တစ်သံကို နှစ်ယောက်လုံး ကြားလိုက်ရတော့သည်။ ဒီတော့ ဘာမှ မတွေးနိုင်တော့ပဲ ကြောက်ကြောက်လန့်လန့်နဲ့ ကားထဲကိုသာ အမြန်ဝင်လိုက်ကြတော့သည်။
သူတို့လည်း ကားထဲ ရောက်မှာသာ စိတ်ချသွားပြီး ခြေသံကြားရာဆီကို ပြိုင်တူ ကြည့်လိုက်မိတဲ့ အခါ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက်ပြေးလာတာကို တွေ့လိုက်ရသည်။ ထိုအခါ ဘယ်သူများလည်း ဆိုကာ သေချာကြည့်လိုက် မိလေတော့ ငဖြိုး ဖြစ်နေလေသည်။ ဒီတော့မှ သူတို့လည်း ဝမ်းသာသွားပြီး တံခါးကို ဖွင့်လိုက်ကာ လက်ပြလိုက်ကြသည်။
သို့ပေမယ့် ဝမ်းသာအားရ ဖြစ်နေတဲ့ သူတို့နှစ်ယောက် ပုံစံမှာ ချက်ချင်းကို စိုးထိတ်ဖွယ် မျက်နှာတွေ အဖြစ် ပြောင်းလဲ သွားရတော့သည်။ အကြောင်းကတော့ ငဖြိုးအနောက် မှာ အကောင်ကြီး တစ်ကောင်က တဖုန်းဖုန်းနဲ့ ပြေးလိုက်လာတာကို တွေ့လိုက်ရခြင်းကြောင့်ပင်။ ထိုအကောင်ကြီးကတော့ စောစောလေးက သူတို့တွေ မြင်လိုက်ရသည့် ကြောက် မ က်ဖွယ်ကောင်းတဲ့ အကောင်ကြီးပါ။ ထိုအကောင်ကြီး ကတော့ ငဖြိုးအနောက်ကနေ ပြေးလိုက်လာတာကို တွေ့လိုက်ရတော့သည်။ ထိုအခါ သူတို့လည်း စိုးရိမ်တကြီးဖြင့် ငဖြိုးကို အမြန်ပြေးလာဖို့ လှမ်းခေါ်လိုက်ကြသည်။
မြင်ကွင်းကတော့ မကြည့်ရဲစရာပင်။ ငဖြိုးရဲ့ အနောက် မှာ ထိုသတ္တဝါကြီးက တဂီးဂီး တဂဲဂဲဖြင့် အော်မြည်ကာ ပြေးလိုက်နေပြီး ငဖြိုးမှာလည်း ထိုအကောင်ကြီးလက်က လွတ်အောင် ကြိုးစားပြေးနေလေသည်။ သို့ပေမဲ့ အကောင်ချင်း အင်အားချင်း မမျှတာကြောင့် ကားနားကို မရောက်ခင်မှာပဲ ငဖြိုးကို မှီသွားတော့လေသည်။ ထို အခါမှာတော့ သူတို့လည်း ကြောက်လန့်တကြား တုန်တုန်ရီရီနဲ့ ကြည့်နေရုံက လွဲလို့ မည်သို့မှ မတတ်နိုင်ကြတော့ပေ။
သူတို့ရဲ့ အရှေ့ မြင်နေရတဲ့ မြင်ကွင်းကတော့ ထိုအကောင်ကြီးက ငဖြိုးကို ဖမ်းလိုက်ကာ သူ့ရဲ့ အားကြီး နဲ့ ဇတ်ကို ဂျွတ်ခနဲ မြည်အောင် လိမ်ချိုးလိုက်တာကို ရင်နင့်ဖွယ် မြင်လိုက်ရတော့သည်။ အဲ့ဒီနောက်မှာ တော့ ငဖြိုးရဲ့ အသားတွေကို တဂျွတ်ဂျွတ်နဲ့ အစိမ်းလိုက်ပင် စားနေတာကို တွေ့နေရသည်။ မင်းမင်းနဲ့ ဘိုဘိုလည်း အံ့ဩနေကြကာ ဘာလုပ်လို့ လုပ်ရမှန်း မသိအောင်ပင် ဖြစ်နေမိတော့သည်။ ဒါဟာ လူသား စားတဲ့ အကောင်ကြီးပါလား။ ကြောက်ဖို့ ကောင်းလိုက်တာ။ သူတို့ရဲ့ သူငယ်ချင်းကို စားနေသည့် ဖြစ်အင် ကို မကြည့်ဝံ့တော့ပေ။ ကြောက်ကလည်း ကြောက် ဒူးတွေလည်းတုန်နေလေပြီ။ ဒီကြားထဲ ဖိုးကျော်ကလည်း ဘယ်ရောက်နေမှန်း မသိ။ ငဖြိုးကလည်း သေပြီ။ သူတို့နှစ်ယောက်လည်း ကားထဲကနေ မထွက်ဝံ့တော့ပေ။ ကားထဲမှာသာ အသာပုန်းနေရ လေသည်။
"မင်းမင်း… ငါတို့ ဘယ်လိုများကြုံရတာလည်းကွာ ငါ့တစ်သက်နဲ့ တစ်ကိုယ် ဒါမျိုး မတွေ့ဖူးပါဘူး"
"ငါလည်း ဘာထူးလည်းကွ လူသားကို စားနေပုံများ ကြောက်စရာကြီးကွာ ငါတို့ သူငယ်ချင်း သနားဖို့ ကောင်းလိုက်တာ… ဒီကောင့်ကို မကယ်လိုက် နိုင်တာ စိတ်ထဲလည်း မကောင်းဘူး"
"ဘယ်တတ်နိုင်မှာလည်း သူငယ်ချင်းရာ ငါတို့လည်း ထွက်ကယ်လို့မှ မရတာ.. အခုတောင် ပုန်းနေရတာပဲ ကြည့်တော့… ဘယ်လို သတ္တဝါလည်း မသိဘူး.. ကြောက်စရာကြီးကွာ"
မင်းမင်းလည်း စိတ်မကောင်းဖြစ်ရုံမှ တပါး တခြားမရှိတော့ပြီ။ ခဏအကြာမှာတော့ စိတ်ကူးတစ်ခု ရခဲ့ပြီး ဘိုဘို့ကို ပြောလိုက်သည်။
"ဘိုဘိုရေ… ငါတို့ အနောက်ဖက် အခြမ်းကို ပြေးကြမလား… အဲ့ဒီအကောင်ကြီး ငဖြိုးကို စားနေတုန်း ငါတို့ ထွက်ပြေးမယ်ကွာ"
ဒီတော့ ဘိုဘိုလည်း စဉ်းစားလိုက်ပြီး…
"အေး မင်းပြောတာ ကောင်းတယ် ပြေးကြမယ်ကွာ ဒီအကောင်ကြီး လက် မှာတော့ ဒီအတိုင်းအသေမခံနိုင်ဘူး"
အဲ့ဒီနောက် သူတို့နှစ်ယောက်မှာတော့ ထိုအကောင်းကြီး တခြားကို အာရုံရောက်နေချိန် ကားရဲ့ တဖက် ခြမ်းကနေ ကားတံခါးကို အသာလေး ဖွင့်လိုက်ကြပြီး ခြေသံ ဖော့ဖော့နင်းလျက် အသာလေး ထွက်ခဲ့ကြ သည်။ ညကလည်း မှောင်။ ကြောက်စရာကလည်း ရှိနေတော့ ခြေသံကြားသွားမှာ စိုး၍ အမြန်လည်း မပြေး ရဲသေး။ တိတ်တဆိတ်သာ လှမ်းလာခဲ့ရလေသည်။ ဒီလို အသာလှမ်းလာခဲ့ပြီး ခပ်လှမ်းလှမ်း အရောက်မှာတော့ တစ်စုံတစ်ခုကို ခလုပ်တိုက်ကာ နှစ်ယောက်သား လဲကျသွားခဲ့လေသည်။ ဒီတော့ သူတို့ တိုက် မိလိုက် သည့် အရာကို ကြည့်လိုက်မိတဲ့အခါ မင်းမင်းနဲ့ ဘိုဘို့ခမြာ မျက်လုံးတွေ ပြူးကျယ်ကာ အံ့ဩသွားခဲ့တော့ သည်။
"ဟင်… ဘယ်လို ဖြစ်တာလည်းကွာ"
တွေ့လိုက်ရသည်က ဖိုးကျော်ပင်။ သို့ပေမဲ့ ဖိုးကျော်တစ်ယောက် ပက်လက်လန်ကာ နေခြင်းပါ။ သူတို့လည်း အတင်း လှုပ်နှိုးနေပေမယ့် ဖိုးကျော်ကတော့ တုတ်တုတ်မျှ မလှုပ်တော့ပေ။ အမှန်တကယ် ကတာ့ ဖိုးကျော်တစ်ယောက် ကားပေါ်ကနေ လွင့်စင်ကျခဲ့ပြီး ခေါင်းနဲ့ ပြုတ်ကြကာ အသက်ပါသွား ခဲ့ ခြင်းပင်။ မင်းမင်းလည်း လှုပ်နှိုးနေတာ မနိုးသောကြောင့် တတ်သလောက် မှတ်သလောက်ဖြင့် အသက်ရှု သံကို စမ်းကြည့်လိုက်သည်။
"ဘိုဘိုရေ ဖိုးကျော်သေပြီ ထင်တယ်ကွ အသက်ရှုသံ မကြားရတော့ဘူး"
"ဟင်… ဟုတ်လား ဘယ်လိုများ ဖြစ်ရတာလည်းကွာ… ငါ့အထင်တော့ ကားပေါ်က ပြုတ်ကြပြီး သေသွားတာ ဖြစ်မယ်"
သူတို့လည်း ဝမ်းနည်းမိရုံမှ အပ ဘာမှ မတတ်နိုင်တော့ပေ။ ထိုအခိုက်မှာပင် အနောက်ဖက်ဆီမှ ပြေးလာ တဲ့ ခြေသံကြီးကို ရုတ်တရက် ကြားလိုက်ရတော့ နှစ်ယောက်သား အနောက်ကို လှည့်ကြည့်လိုက်မိသည်။ တွေ့လိုက်ရသည်ကား ပုံဆိုးပန်းဆိုး ဖြင့် လူသားစား အကောင်ကြီးက သူတို့ကို မြင်သွား၍ ပြေးလိုက်လာခြင်း ဖြစ်နေလေသည်။ ထိုအခါမှ သူတို့လည်း ကြောက်ကြောက် လန့်လန့်နှင့် …
"သားကြီးရေ… ပြေးတော့ဟေ့ အနောက် မှာ လိုက်လာပြီဟ အမြန်သာ ပြေးတော့"
ဆိုပြီး ဆော်သြလိုက်ကာ အသားကုန်ပင် ထပြေးကြတော့လေသည်။ မှောင်မှောင်မဲမဲ ထဲမှာ ပြေးရသည်မို့ ဘယ်ရောက်လို့ ရောက်မှန်းလည်း မသိတော့။ ခန္ဓာကိုယ်မှာလည်း သစ်ကိုင်းတွေနဲ့ ခြစ်မိထား၍ ချွေးထွက် လာသည့် အခါ စပ်ဖျင်းဖျင်းပင် ဖြစ်လာလေသည်။ သို့ပေမယ့် မနားရဲပေ။ အကောင်ကြီးကလည်း အနောက်ကနေ လိုက်နေလေတော့ သူတို့လည်း အသက်လုကာ ပြေးနေရလေသည်။
ထိုအခိုက်မှာ ဘိုဘိုက ခြုံတစ်ခုနှင့် ငြိ၍ ဘုန်းခနဲလဲကျ သွားလေတော့သည်။ ဒါကို မင်းမင်းက မြင်လိုက် လေပြီး ပြန်လှည့်ခေါ်မည် အလုပ်မှာ ဟိုအကောင်ကြီးက ဘိုဘို့အနားကို ရောက်လာလေပြီး လည်ပင်းကို ဇတ်ခနဲ လိမ်ချိုးလိုက်တာကို တွေ့လိုက်ရ လေတော့သည်။ ဘိုဘိုလည်း အားခနဲ တစ်ချက်သာ အော်လိုက် နိုင်ပြီး အသက် ထွက်သွားလေတော့သည်။
မင်းမင်းလည်း ဒါကို မြင်လိုက်တော့ မနားရဲတော့ပဲ အသားကုန် သုတ်ခြေတင်ကာ စွတ်ရွတ် ပြေးရတော့ လေသည်။ အကောင်ကြီးကလည်း ဘိုဘို့ကို သတ်ပြီး လည်ပင်းက အသားကို တစ်ကိုက် ကိုက်ဖဲ့လိုက်ပြီး မင်းမင်း အနောက်ကို ပြေးလိုက်ခဲ့ လေတော့သည်။
ဒီလိုနဲ့ မင်းမင်းလည်း ထိုအကောင်ကြီးရဲ့ လက် မှ လွတ်အောင်ကို အသည်းအသန်ပင် ပြေးလွှားနေခဲ့ရ သည်။ သူကလည်း ပြေး အနောက်မှ အကောင်ကြီးရဲ့ အာလုတ်သံ အော်မြည်သံတွေကိုလည်း နားထဲ ကြား နေလေတော့ အားကုန်ပင် ခြေကုန်သုတ် ပြေးနေရသည်။ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေက ချွေးတွေ နှင့် စပ်ဖြင်းဖြင်း ဖြစ်နေသည်။ ခဏအကြာမှာတော့ တောင်ကုန်းတစ်ခုပေါ်ကို တက်ပြေးရင်း ကားလမ်းမ တစ်ခုကို တွေ့လိုက်လေတော့သည်။ ဒီတော့မှ ဝမ်းသာအားရနှင့် ပြေးတက်လိုက်တော့သည်။
ကားလမ်းမ ဆီကိုရောက်တော့ ခဏနားလိုက်ရင်း အနောက်ကို ကြည့်လိုက်တဲ့အခါ ဘာကိုမှ မတွေ့ရ တော့ပေ။ တော်သေးသည်ပဲ။ မျက်ခြေပြတ်သွားတာလား ကားလမ်းမဖြစ်လို့ပဲ ဆက် မလိုက် တော့သည်လား မသိ။ ထိုအကောင်ကြီးကိုတော့ မတွေ့ရတောပေ။ ဒီတော့ မင်းမင်းလည်း အသက်ကို ဝအောင်ရှုရင်း အမောဖြေနေမိသည်။ ဆုတောင်းနေသည်က ကားတစ်စီးစီးဖြစ် လာပါစေ။ ဒါမှ ထိုအကောင်ကြီး လက်က လွတ်ပေလိမ့်မည်။ မဟုတ်ရင်တော့ သူလည်း ဆက်မပြေးနိုင်တော့ပေ။
ကံကောင်းတာပဲလားတော့ မသိ။ ခပ်လှမ်းလှမ်းမှာတော့ မီးရောင်တစ်ခုကို တွေ့လိုက်ရသည်။ ဟုတ် သည်။ ဒါ ကားမီးရောင်ပဲ။ မင်းမင်းလည်း ပျော်သွားကာ လမ်းမအလယ်ခေါင်တက်၍ ရပ်နေလိုက်ပြီး လက် ကို ဝှေ့ယမ်းပြနေလိုက်သည်။ ဒါမှ သူ့ကို ကားက ရပ်ပေးမည်ပေါ့။ မရပ်ပဲ မောင်းသွားရင်တော့ အခက်ပဲ ဟု တွေးကာ လမ်းမအလယ်မှာပင် ရပ်နေခြင်းပင်။ ဒီလိုစောင့်နေရင်း မီးရောင်က တဖြေးဖြေး စူးရှလာကာ ကုန်တင်ကားကြီး တစ်စီးကို တွေ့လိုက်ရတော့သည်။
မင်းမင်းလည်း လက်က ဝှေ့ရင်းပြနေပေမဲ့ ကားကတော့ အရှိန်မလျော့ပေ။ သူလည်း ရပ်ပေးမည် အထင် ဖြင့် စောင့်နေပြီး ထိုကား အရှိန်မလျော့တာကို သတိမထားဖြစ်ခဲ့။ ထို့နောက်မှာတော့ ကားကြီး၏ မီးရောင် က ရှေ့တည့်တည့်သို့ ရောက်လာခဲ့ပြီး…
ဒုန်း…
မင်းမင်းလည်း တစ်စုံတစ်ခုက သူ့ကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်တာကို သိလိုက်ရပြီး ခန္ဓာကိုယ်က လေထဲ မျောသွားသလို ဖြစ်သွားခဲ့သည်။ ထို့နောက်မှာတော့ အသိစိတ်တို့က တဖြေးဖြေးနှင့် အမှောင် အတိ ကျသွားတော့လေသည်။
တကယ်တော့ ကားကြီးပေါ်မှာ လူနှစ်ယောက် ပါလာလေသည်။ လူတစ်ယောက်က ကားလမ်းမပေါ် တက်ပြီး လက်ပြတားနေတာကိုလည်း ကားမောင်းသမားက တွေ့နေရသည်။ သို့ပေမဲ့ ဒီအချိန် ဒီလိုနေရာ၏ တောတွင်းလမ်းအလယ်မှာ လူတစ်ယောက် ရှိနေသည် ဆိုသည်ကို ကားမောင်းသူကလည်း မယုံချင်။ ပရလောကသား တစ်ကောင် ခြောက်လှန့်တာပဲ ဆိုပြီး တွေးထားလျက် ကားကို အရှိန်မလျော့တော့ပဲ မောင်းလာခဲ့ပြီး တိုက်ခဲ့ခြင်းပင် ဖြစ်သည်။ မင်းမင်းကတော့ လူသားစားတဲ့ အကောင်ကြီးလက် မှ လွတ်သွား ပေမဲ့ မဆင်မခြင်သူ တစ်ယောက်ကြောင့် သေပွဲ ဝင်ခဲ့ရတော့သည်။
ထိုသို့ဖြစ်ပျက်ခဲ့ပြီး နှစ်လခန့်အကြာ …
ကုန်တင်ကားကြီးတစ်စီးက ညဘက်ဆိုတော့ အရှိန်ပြင်းပြင်းနှင့် မောင်းနှင်လာလေသည်။ လမ်းခရီး ကလည်း တောတွင်း လမ်းခရီးတစ်နေရာ။ မောင်းနှင်လာရင်း တောလမ်းချိုးလေး တစ်နေရာ အရောက် မှာတော့ လူတစ်ယောက်က ကားရှေ့မှာ ရုတ်တရက် ပေါ်လာတာကို ဖျပ်ခနဲ့ မြင်လိုက်ရပြီး ကားမောင်း သမားကတော့ အရှိန်မလျော့ပဲ မောင်းချသွားလေတော့ …
"ဒုန်း… …"
ထိုအခါ ကားပေါ်မှာ ပါလာတဲ့ ကောင်လေးတစ်ယောက်က ကားဒရိုင်ဘာကို အလန့်တကြားဖြင့် လှမ်းပြော လိုက်သည်။
"ဟာ… ဆရာ စောစောက ကားရှေ့မှာ လူတစ်ယောက် ပေါ်လာတာလေ … ဆရာမတွေ့လိုက်ဘူးလား … တိုက် မိသွားတာလား မသိဘူးဗျ"
ဒီတော့ ကားမောင်းသမားကလည်း ရီကျဲကျဲဖြင့် ကားကို ရပ်လိုက်ပြီး…
"မင်းက တိုက် မိသွားတယ် ထင်လို့လား… ကဲ ဒါဆို ဓာတ်မီးယူပြီး သွားကြည့်လိုက်ပါအုန်း"
ထိုသို့ ပြောလာသောကြောင့် ကောင်လေးလည်း နားမလည် နိုင်ပဲ ကားပေါ်ကနေ ဆင်းလိုက်ပြီး ဟိုဟိုဒီဒီ နေရာ မလပ်အောင် ဓာတ်မီးနဲ့ ထိုးကြည့်လိုက်သည်။ ဒါပေမဲ့ ဘာမှ မတွေ့တာကြောင့် ကြက်သီးသာ ထ လျက် ကားပေါ်သို့ အမြန်ပင် ပြန်တက်လာခဲ့သည်။
"ဆရာ ဘယ်လိုဖြစ်တာလည်း ဘာမှလည်း မတွေ့ပါလား"
ထိုအခါ ကားမောင်းသူက ကားကို ပြန်လည် မောင်းထွက်လာပြီး ပြန်ပြောလိုက်သည်။
"မင်းက ဒီလမ်းကို အခုမှ လိုက်လာတာကိုကွ… ဒီလိုကွ… ဒီနေရာက အခုလို ညဘက် ဖြတ်သွားမိရင် လူ တစ်ယောက်က ကားရှေ့ ပေါ်ပေါ်လာတာပဲ"
"ဗျာ… ဘယ်လို အဲ့ဒီလို ပေါ်ပေါ်လာတာလား"
"အေးကွ… အစတော့ မသိကြသေးဘူးပေါ့ကွာ နောက်တော့ ကားသမားတွေလည်း ခနခန ကြုံနေတော့ မရပ်တော့ဘူး ဒီလိုပဲ မောင်းသွားလိုက်တော့တာပဲ"
"ဒါဆို သရဲခြောက်တာ များလား"
"ဒါပေါ့ကွာ… အဲ့ဒါကြောင့် မင်းဆင်းကြည့်တော့ ဘာတွေ့ရလို့လည်း"
"ဗျာ… အဲ့ဒီလိုလာ"
ကောင်လေးလည်း စောစောက ဆင်းကြည့်မိတဲ့အကြောင်းကို အခုတွေးမိကာမှ ပို၍ ကြက်သီးဖြန်းဖြန်းပင် ထလာခဲ့ရလေသည်။
သည်တောင်စောင်းလေးရှိ တောတန်းလေး တစ်ဝိုက်မှာတော့ လူသူ အပြောများနေခဲ့တာ တစ်ခုရှိသည်။ အကြောင်းကတော့ ညကြီး အချိန်မတော်မှာ ကားမောင်းသွားရင် သည်နေရာ အရောက်မှာ ရိပ်ခနဲ ရိပ်ခနဲနှင့် လူရိပ်လိုလို တွေ့နေရပြီး တစ်စုံတစ်ခုကို ဝင်တိုက် သွားသလိုလိုဖြင့် ကြုံနေရတာပဲ ဖြစ်သည်။ အရင်ကတော့ ကားတွေက ထိုနေရာလေးမှာ မောင်းလာခဲ့ရင်း ကားအရှေ့မှာ လူတစ်ယောက်က ပေါ်ပေါ်လာခဲ့သည်။ ဒီတော့ အသည်းသန် ကားဘရိတ်ကို နင်းပြီး ဆင်းကြည့်ရပမဲ့ ဘာကိုမှ မတွေ့ခဲ့ရပေ။ နောက်ပိုင်းကြာလာလေတော့ ဒါဟာ သရဲတစ္ဆေ ခြောက်လှန့်တာပဲ ဆိုပြီး ရပ်လည်း မရပ်တော့ ဆင်းလည်း မကြည့်တော့ပေ။ ကားရှေ့မှာ ပေါ်လာရင်လည်း တိုက်ပြီး ဆက် မောင်းသွား တော့သည်ပင်။
တစ်နေ့ညနေပိုင်း နေဝင်ရီသရောလေး အချိန်တစ်ခုမှာတော့ ကားတစ်စီးက ထိုတောင်စောင်း လမ်းလေး အတိုင်း မောင်းလာခဲ့လေသည်။ တောင်စောင်း လမ်းလေးကနေ အကွေ့တစ်ခု အနားကို မရောက်ခင်မှာတော့ ကားမှာ ဘီးပေါက်သွားခဲ့ လေတော့သည်။ ကားက ကုန်တင်ကားကြီး တစ်စီးပင်။ ကားပေါ် မှာတော့ လူနှစ်ယောက် ပါလာလေပြီး တစ်ယောက်က ကားဒရိုင်ဘာ ကျန်တစ်ယောက်ကတော့ အကူပင် ဖြစ်လေသည်။
သူတို့ နှစ်ယောက်မှာလည်း မိုးချုပ်ကာနီးမှ ဒီလို နေရာမျိုးမှာ ကားဘီးပေါက်သွားခြင်း ဖြစ်သည့်အတွက် စိတ်တွေလည်း တိုနေမိသည်။ ဒီလမ်း ဒီခရီးကိုလည်း ကားမောင်းသူတွေက သိထားကြလေသည်။ ဒါကြောင့်လည်း အပိုပါလာသော ဘီးတစ်ဘီးကို ဖြုတ်ကာ ပေါက်သွားသော ကားဘီးနှင့် အလျင်အမြန်ပင် ပြီးစီးအောင် လဲနေလိုက်ကြသည်။
နှစ်ယောက်သား စိတ်တွေထဲမှာတော့ ခပ်ကြောက်ကြောက်ရယ်ပါ။ မတတ်သာသည့် အဆုံးမှာတော့ ထိုသို့ ဘီးလဲလို့သာ နေကြရသည်။ ဖြစ်နိုင်ရင်တော့ သည်နေရာမျိုးက ခနလေးတောင် မရှိချင်ပေ။ သရဲတစ္ဆေ ခြောက်လှန့်နေသည်ဟု လူပြောသူပြော များနေသည့်အတွက် ခပ်ကြောက်ကြောက် ဖြစ်မိ နေတာတော့ အမှန်ပင်။ သူတို့အနေနဲ့ တစ်ခါမှတော့ မကြုံဖူးပေမဲ့ ဒီလို တိတ်ဆတ် ငြိမ်သက်နေပြီး လူသူကင်းဝေးတဲ့ နေရာမျိုး။ ပြီးတော့ အကြောင်းကို သိရှိထားတဲ့ နေရာ။ စသဖြင့် ခြောက်ခြားစိတ် တွေက တော့ ဖြစ်ပေါ်နေမိလေသည်။
ဖြတ်သွားဖြတ်လာတဲ့ ကားတွေလည်း မတွေ့မိပေ။ ဒါနဲ့ပဲ ခပ်မြန်မြန်လေး အပြီးသတ်အာင် လုပ်လိုက် ကြသည်။ ဒါပေမဲ့ မသိရှိသည်ကတော့ လမ်းဘေးတောစပ် တစ်နေရာမှာ သူတို့ နှစ်ဦးကို အသာ ချောင်းမြောင်း ကြည့်ရှု့နေသည့် အကောင်ကြီး တစ်ကောင်ကိုတော့ နှစ်ယောက်စလုံးက သတိမပြုမိကြပေ။ ဒီလိုနဲ့ ဘီးလဲတာဟာ မကြာခင်မှာပဲ ပြီးစီးသွားခဲ့ပြီး ခဏတဖြုတ် အမောအပန်း ဖြေနေလျက် ရှိလေသည်။
ဒီအချိန်မှာတော့ အမှောင်းတွင်းမှနေ တစ်စုံတစ်ခုက အနည်းငယ် လှုပ်ရှားနေကာ မျက်ဝန်းတစ်စုံက သူတို့နှစ်ယောက်အား ကြည့်နေသည်ကို လုံးဝ မသိရှိခဲ့ပေ။ ကားဘီးလဲတာကလည်း အားလုံး ပြီးစီးသွားကာ အမောဖြေပြီးတာနဲ့ ကားမောင်းသူက ကားပေါ်ကို အရင်ဆုံး လှမ်းတက်လိုက်သည်။ အောက်မှာ ရှိနေတဲ့ ကျန်တစ်ယောက်ကတော့ ကားပေါ်ကို တက်မယ် အလုပ်မှာတော့ ရုတ်တရက် ဆိုသလို သတ္တဝါတစ်ကောင် အော်မြည်သံလိုလို ကြားလိုက်ရလေပြီး အမှောင်တော အတွင်းမှ အကောင်ကြီး တစ်ကောင်က ဝုန်းခနဲ ပြေး ဝင်လာကာ ကားအောက် မှာ ကျန်ခဲ့သူကို ဆွဲယူကာ တောတွင်းသို့ ပြေးထွက်သွားတာကို ကားမောင်း သမား လည်း တွေ့လိုက်ရလေသည်။ ထိုလူကတော့ အတင်းအော်ဟစ်ကာ ရုန်းကန်နေပေမဲ့ မရတော့ပေ။
ကားမောင်းသူလည်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တော်တော်လေး အံ့သြသွားကာ ထိတ်လန့်သွားမိ တော့သည်။ ရုတ်တရက်ဆိုတော့ ဘာမှ မတတ်နိုင်တော့။ သူမြင်လိုက်ရတဲ့ မြင်ကွင်းက ကြောက်ရွံ့စရာ ကောင်းလှပေသည်။ ထိုအကောင်ကြီး ပုံစံမှာ အရွယ်အစားက တော်တော်လေး ထွားပေသည်။ သာမာန် လူတစ်ယောက်၏ အရပ်ထက် အတော်လေးလည်း ပိုမြင့်ပြီး တော်တော်လေးလည်း ကြီးသည်။ လက်က ရှည်ရှည် ခါးကကိုင်းကိုင်းနှင့် ဆံပင်ပွပွတွေကလည်း မျက်နှာပေါ်အုပ်ကြနေလေသည်။ ပြီးတော့ မျက်နှာ ကလည်း ကြောက်ရွံ့ဖွယ်ရာ ကောင်းလှသည်။ မျက်လုံးနီနီ နှာခေါင်းပွပွနှင့် တော်တော် ကြည့်ရဆိုးလှသည်။
ထိုအကောင်ကြီးက တောတွင်းမှပြေးလာ၍ ကားအောက်မှာ ရှိနေတဲ့သူကို အတင်းဆွဲယူကာ ကိုက်ခဲ သွားသည်ကိုလည်း သွေးပျက်ဖွယ်ရာပင် မြင်လိုက်ရတော့ ကားသမားခမြာ ကြောက်လန့်ကာ ကားကို အတင်းပင် မောင်းသွားလေတော့သည်။ ဒါကြီးက ဘာကောင်ကြီးလည်းတော့ မသိပေ။ သရဲတစ္ဆေလား ဒါမှမဟုတ် ဘာသတ္တဝါကြီးလည်း မသိပေ။ ကြောက်စိတ်ကလည်း ကြီးစိုးနေတော့ ကားကို အပြင်းသာ မောင်းချလာတော့သည်။
ဒီလိုမောင်းလာခဲ့ပြီး ခဏအကြာမှာတော့ ရုတ်တရက် ကားမှန်ရဲ့ အရှေ့မှာ သွေးသံရဲရဲနဲ့ ကြောက်စရာ မျက်နှာကြီးတစ်ခုက ဖွားခနဲ ပေါ်လာတာကို မြင်လိုက်ရပြီး ကားသမားလည်း စောစောက ကြေက်နေတဲ့ အရှိန်နဲ့ ရောထွေးကာ သရဲ သရဲ ဟုသာ အော်လျက် ကားစတီယာရင်ကို ဆွဲကွေ့ချလိုက် မိတော့သည်။ ဒီတော့ ဝုန်းခနဲ မြည်သံကြီးနှင့်အတူ တောင်စောင်း လမ်းလေးအတိုင်း ကုန်ကားကြီးကတော့ တိမ်းမှောက် သွားလေတော့သည်။ ကားပေါ်ပါလာသူ ဖြစ်တဲ့ ကားမောင်းသမားလည်း ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့တော့သည်။
တောတွင်း တစ်နေရာမှာတော့ လူလိုလို မျောက်ဝံကြီးလိုလို သရဲတစ္ဆေလိုလို ကြောက်မက်ဖွယ် ကောင်း လှသည့် အကောင်ကြီးတစ်ကောင်မှာ လူတစ်ယောက်ကို ဆွဲလာခဲ့ပြီး ထိုလူရဲ့ အသားတွေကို ပါးစပ်တွင်းမ သွားချွန်ချွန်တွေနဲ့ ကိုက်ခဲကာ အငမ်းမရပင် စားသောက်နေလေသည်။ သွေးတွေကလည်း ထိုအကောင်ကြီး ခန္ဓကိုယ်ပေါ်မှာရော ပါးစပ်တစ်ဝိုက်မှာပါ နီရဲကာ ပေတူးနေလေသည်။ ဝမ်းခေါင်း သံကြီးနှင့် တဂီးဂီး အော်လိုက် လူ့အသားတွေကို ကိုက်စားလိုက်နဲ့ သွေးပျက်ဖွယ်ရာပင်။
လူသားတွေကို သွေးသံရဲရဲဖြင့် စားနေခဲ့ပြီး အတန်ကြာမှာတော့ ဗိုက်ပြည့်သွားပုံဖြင့် ထိုနေရာကနေ ထွက်လာကာ ခြုံတစ်ခုအတွင်းထဲသို့ ဝင်လိုက်ပြီး ပစ်လဲ ချလိုက်ပါတော့သည်။ လူတစ်ယောက်ကို စိမ်ပြေနပြေ စားသောက်ပြီးသွားတော့ အားအင်များ ပြန်လည် ပြည့်လာသယောင်ပင် ဖြစ်နေခဲ့သည်။ ဒီလိုနဲ့ ထိုအကောင်ကတော့ လှဲနေရင်း ခဏအကြာမှာတော့ မျက်လုံးအိမ်ထဲမှ မျက်ရည်တွေက ထွက်ကျလာတော့လေသည်။ ဒီလို ကြောက်မက်ဖွယ် အကောင်ကြီးထံကနေ မျက်ရည်ကျလာခြင်းဟာ တော်တော်လေးကို ထူးဆန်းနေခဲ့သည်။ အဲ့ဒီ အကောင်ကြီးက တစ္ဆေသရဲလေလား ဒါမှမဟုတ် သတ္တဝါတစ်ကောင်ကောင်လား ဘာလည်းဆိုတာတော့ ထိုအကောင်ကြီး ကိုယ်တိုင်သာ အသိဆုံးပင် ဖြစ်ပေလိမ့်မည်။
လွန်ခဲ့သည့် လေးလ အချိန်လောက်ကပင် ဖြစ်လေသည်။
နယ်မြို့လေး တစ်မြို့မှာတော့ အရမ်းကို ဆိုးသွမ်းတဲ့ လူတစ်ယောက်ရှိသည်။ သူ့နာမည်ကတော့ မင်းညို ဟု ခေါ်တွင်၏။ မင်းညိုမှာ အဖေလည်းမရှိ အမေလည်းမရှိ လေတော့ သူလုပ်ချင်ရာ လုပ်ပြီး ဆိုးသွမ်း နေခဲ့ခြင်းပင်။ ငယ်စဉ်ကတည်းက သိုင်းတရာ တစ်ယောက်ထံမှာ ဗန်တို ဗန်ရှည် ပညာရပ်တွေကို သင်ထား ဖူးလေတော့ မင်းညိုကို ဘယ်သူကမှ မယှဉ်ရဲကြပေ။
ဒီတော့ မင်းညိုတစ်ယောက် ဆိုးချင်တိုင်း ဆိုးသွမ်းနေသည်ပင်။ အရက်ဆိုင်တွေ လက်ဖက်ရည်ဆိုင် တွေမှာ မိုက်ကြေးခွဲကာ ပိုက်ဆံတောင်း အနိုင့်ကျင့် ပြီးတော့ အရက်သောက် ဖဲရိုက်နဲ့ ဘဝနဲ့ပင် သဘော တွေ့နေလေသည်။ဘသူတို့မြို့လေးကလည်း အုပ်ချုပ်ရေးနဲ့ အတန်ငယ် အလှမ်းဝေးလေတော့ မင်းညိုကို မထိန်းသိမ်းနိုင်ခဲ့။ တစ်ခါကလည်း လူစုကာ သူ့ကို ဝိုင်းဖမ်းကြဖို့ လုပ်ခဲ့ကြပေမယ့် မင်းညို သိရှိ သွားလေ တော့ ထိုသူတွေကို ကောင်းကောင်းကြီး နှိပ်စက်ပြခဲ့လေသည်။ ဒီတော့ နောက်ပိုင်းမှာ မင်းညိုကို မည်သူမှ မပြောရဲကြတော့ပေ။ မင်းညိုကတော့ ဆိုးချင်တိုင်းဆိုး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေခဲ့ တော့ သည်။
ဒါပေမယ့် ကံကြမ္မာဟူသည်ကား……
မင်းညိုတစ်ယောက် ဆိုးခဲ့သမျှတွေကို တန်ပြန်ခံဖို့အချိန် ရောက်ရှိ လာလေတော့သည်။ မင်းညို နေထိုင်တဲ့ နယ်မြို့လေးကို စုံထောက်တစ်ယောက် ဖြစ်သူ ရောက်ရှိလာခဲ့သည်။ သူ့ရဲ့ နာမည်ကတော့ အောင်သူပါ။ အောင်သူကတော့ ဆိုးပေ့မိုက်ပေ့ ဆိုတဲ့ လူဆိုးတွေ လူမိုက်တွေကိုပင် လက်ရ ဖမ်းဆီး လာခဲ့တဲ့ လူတစ်ယောက်။ သူ့ရဲ့ ကံလို့ပဲ ပြောလေမလား သူ့လက်က လွတ်သွားတဲ့ သူတွေ အနည်းအကျဉ်း ရှိခဲ့ပေမယ့် ဖမ်းမိတာတော့ ခပ်များများပါ။ အခုတော့ ဒီမြို့လေးမှာ မင်းညိုဆိုတဲ့ လူတစ်ယောက်က အတော်လေး သောင်းကျန်းနေသည် ဖြစ်သည့်အတွက် ဖမ်းဆီးဖို့ ရောက်ရှိ လာခဲ့ခြင်းပင်။
ထိုမြို့လေးကို ရောက်ရောက်ချင်းမှာ အချိန်မဆိုင်းပဲ မင်းညိုရှိနိုင်တဲ့ နေရာတွေကို လိုက်လံ ရှာဖွေ ခဲ့ တော့လေသည်။ အဲ့ဒီနောက်မှာတော့ ရွာအထွက် တောစပ် တစ်နေရာမှာတော့ မင်းညိုနဲ့ အောင်သူတို့ တွေ့ဆုံခဲ့လေတော့သည်။ ထိုအခါ အောင်သူလည်း တွေ့တွေ့ချင်းမှာပဲ အံ့သြတကြီးဖြင့် …
"သူငယ်ချင်း မင်းက မင်းဝေ မဟုတ်လား"
ဆိုပြီး မေးလိုက်တဲ့အခါ မင်းညိုကလည်း မထင်မှတ်ထားတဲ့ သူတစ်ယောက်ကို ပြန်တွေ့ရလေတော့ ဝမ်း သာပြီး အံ့သြနေခဲ့တော့သည်။
"အေး ဟုတ်တယ် သူငယ်ချင်းရေ ငါ မင်းဝေပဲ…"
"အေးကွာ တွေ့ရတာ ဝမ်းသာလိုက်တာကွာ"
"ဒါနဲ့ နေပါအုန်း မင်းက ဘယ်လိုဖြစ်ပြီး ဒီမြို့ကို ရောက်နေရတာလည်း"
"မင်းညိုဆိုတဲ့ လူကြောင့်ပေါ့ကွာ.. ဒီမြို့မှာ သောင်းကျန်းပြီး မိုက်ကြေးခွဲ ဆိုးနေတယ် ဆိုလို့ ငါရောက်လာ ခဲ့တာပဲ… ငါလည်း သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး"
ထိုအခါ မင်းညို ခေါ် မင်းဝေမှ မယုံသလို မျက်လုံးများဖြင့် အောင်သူ့ကို ကြည့်လိုက်လေပြီးတော့ …
"သြော်… မင်းက စုံထောက်ပေါ့… ငါသတင်းကြားပြီးသားပါ စုံထောက်တစ်ယောက် ငါ့ကို ဖမ်းဖို့ ရောက်လာမယ် ဆိုတာကို"
အောင်သူလည်း နားမလည်နိုင်အောင် ဖြစ်နေမိသည်။ သူဖမ်းရမှာက မင်းညိုပဲလေ။ ဒါကို ဒီကောင်က ဘာတွေ ပြောနေတာလည်းမသိ။
"မင်းဝေ… မင်း ဘာတွေ ပြောနေတာလဲ ငါဖမ်းမှာက မင်းညိုလေ မင်းမှ မဟုတ်တာ သူငယ်ချင်းရ"
ဒီလိုပြောပြီး တစ်ခုခုကို သတိရလိုက်ကာ ပြန်လည်ပြောလိုက်သည်။
"ဒါ ဒါဆို… မင်းညိုဆိုတာလည်း မင်းပဲလား သူငယ်ချင်း"
ဒီတော့ မင်းဝေလည်း မဲ့ပြုံးပြုံးလိုက်ကာ…
"ဟုတ်တယ် မင်းညိုဆိုတာလည်း ငါပဲ"
"ဟင်… တကယ်လားကွာ… ဘဟ်လို ဖြစ်ရတာလည်း သူငယ်ချင်းရာ ငါ့မှာတော့ မင်းမှန်း မသိခဲ့ပါဘူး… နေပါဦး မင်းက ဘယ်လိုဖြစ်ပြီး မင်းညို ဖြစ်သွားတာလည်း"
"ငါလည်း ရောက်တတ်ရာရာ လျောက်သွားနေပြီး ဒီမြို့လေးကို ရောက်ခဲ့တာကွ… ပြီးတော့ မင်းညိုလို့ ပြောင်းခဲ့တာပဲ… ငါလူတွေကို စိတ်တယ်ကွာ ဒါ့ကြောင့် ငါလုပ်ချင်ရာ လုပ်ခဲ့တာပဲ"
"မင်းကလည်းကွာ မင်းရဲ့ အဖေနဲ့ အမေကို သတ်သွားတာက တခြားသူတွေပါ… ဘာလို့ အခုချိန်ထိ အငြိုး တွေ မပြေသေးတာလည်းကွာ"
မင်းညိုတစ်ဖြစ်လည်း မင်းဝေနဲ့ အောင်သူတို့က ဟိုးအရင်တုန်းကတော့ တစ်မြို့ထဲ သားတွေပါ။ သူငယ်ချင်းတွေ ဆိုရင်လည်း မမှားပေ။ မင်းဝေတို့ မိသားစုကတော့ ချမ်းသာသည်။ တစ်နေ့မှာတော့ မင်းဝေအဖေရဲ့ မိတ်ဆွေတွေက ပေါင်းကြံကြပြီး သူတို့ပိုင်တဲ့ ပစ္စည်းတွေကို ယူကာ သူ့ရဲ့ အဖေနဲ့အမေကို သတ်သွားတော့လေသည်။ ငွေများတရားနိုင်ခေတ် ဆိုတော့လည်း ပစ္စည်းတွေ ပိုင်ဆိုင်မှုတွေ ငွေတွေကို ယူသွားတဲ့ သူတွေကတော့ ငွေနဲ့ ပေါက်ကာ ကြံစည်ခဲ့သည့် အတွက် တရားခံကိုတော့ လက်သည် မပေါ်ခဲ့ပါချေ။
ဒီတော့ မင်းဝေလည်း ပတ်ဝန်းကျင်နဲ့ တရားဥပဒေကို မုန်းတီးခဲ့ပြီး မကောင်းတာတွေပဲ လုပ်ခဲ့တော့ လေသည်။ ရောက်တတ်ရာရာကို လှည့်လည်သွားလာရင်း ဒီမြို့လေးကို ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။ ဒီမြို့က အုပ်ချုပ်ရေး အလှမ်းဝေးကွာလေတော့ သူလည်း ခြေချခဲ့ပြီး နာမည်ကိုတောင်မှ မင်းဝေလို့ မပြောတော့ပဲ မင်းညိုဆိုပြီး ပြောင်းလဲ ထားခဲ့ခြင်းပါ။ အခုတော့ သူ့ကိုဖမ်းဖို့အတွက် သူငယ်ချင်းဖြစ်သူက ရောက်ရှိလာခဲ့လေပြီ။ ဒီတော့ သူလည်း ဘာလုပ်ရမလည်း မတွေးတတ်တော့ပေ။ အဖမ်းတော့ မခံလိုပြီ။ ဒီလို ဖမ်းဆီးခံဖို့ကတော့ တွေးတောင် မတွေးထားခဲ့ပေ။
"အောင်သူ ငါ အဖမ်းမခံနိုင်ဘူး"
"မင်းကလည်းကွာ… တကယ်တော့ ငါလည်း မဖမ်းချင်ပါဘူး သူငယ်ချင်းရယ်… ဒါပေမယ့် မင်းလည်း ဆက် ပြီး မမိုက်ပါနဲ့တော့ကွာ"
"ငါ့ကို တရားမချနဲ့ အောင်သူ ငါလက်မခံနိုင်ဘူး ငါကတော့ လုံးဝ အဖမ်းမခံနိုင်ဘူး"
"သူငယ်ချင်းရာ ငါစိတ်မကောင်းပါဘူး ဒါပေမယ့် မင်းကို လူကောင်းတစ်ယောက်လို နေစေချင်ပါပြီကွာ… ဒီတော့ မင်းဥပဒေရဲ့ အဆုံးအမကို ခံလိုက်ပါကွာ နော်"
ဆိုကာ သေနတ်ကိုထုတ်လျက် ချိန်ရွယ်လိုက်ပြီး…
"ကဲ သူငယ်ချင်း မင်း အဖမ်းခံပါတော့နော်"
ဆိုပြီး ပြောလိုက်လေတော့… မင်းဝေကလည်း ရုတ်တရက် သေနတ်ကို လက်ပြန်တစ်ချက် ရိုက်ချလိုက်ပြီး အောင်သူရဲ့ ရင်ဘတ်ကို တွန်းထုတ်လိုက်ကာ အနီးရှိ တောထဲကို ဝင်ပြေးသွားတော့လေသည်။ အောင်သူလည်း အငိုက်ခံလိုက်ရလေတော့ ဘာမှကို ပြန်မလုပ်နိုင်ခဲ့ပေ။ သူပြေးထွက်သွားရာသို့ ပြေးလိုက် ခဲ့ပေမဲ့ မမှီတော့။ ဒီတော့ လက်လျော့ပြီးသာ ပြန်ခဲ့ရတော့သည်။ နောက်ရက်တွေမှာလည်း မင်းဝေကို တောထဲမှာ ဝင်ရှာခဲ့ပေပမယ့် အရိပ်အယောင်တောင်မှ မမြင်ခဲ့ရတော့ပေ။
မင်းဝေကတော့ တောထဲကို ဝင်ပြေးသွားပြီး ခိုနေခဲ့လေသည်။ နောက်ရက်တွေမှာ တဖြေးဖြေးနဲ့ တော နက်ပိုင်းထဲအထိ ပြေးခဲ့ခြင်းပင်။ လမ်းမှာတွေ့တဲ့ အကောင်ငယ်လေးတွေကို ရိက္ခာအဖြစ် ဖမ်းဆီးကာ စားသောက်ခဲ့ပေမယ့် ကြာလာလေတော့ ဖမ်းဖို့က ခက်ခဲလာတော့သည်။ ဒီလိုနဲ့ တောတွင်းမှာ လျောက် သွားနေရင်း ဆာကလည်းဆာ စားစရာကလည်း မရတာကြောင့် အားအင်ပင် ပြတ်လုလု ဖြစ်နေခဲ့လေပြီ။
ဒီအချိန်မှာပဲ တောတွင်းတစ်နေရာမှာ ပေါက်နေတဲ့ မှိုတစ်မျိုးကို တွေ့ခဲ့ရသည်။ ထိုမှိုကတော့ အဝေးက ပင် အနံ့က စားချင်သဖွယ် မွှေးပျံ့နေခဲ့တော့ မင်းဝေလည်း ဘာလည်းမသိဘူးဆိုကာ လိုက်ရှာတော့သည်။ ဒီတော့ အနံ့သင်းနေတဲ့ ထိုမှိုကို တွေ့လိုက်ရလေပြီး ကြည့်လိုက်တဲ့အခါ ထိုမှိုက အတော်လေး စွဲမက်ဖွယ်ရာ ကောင်းတာကို မြင်လိုက်သည်။ အရောင်လေးက ပန်းနုရောင် ဖြစ်နေပြီး အနံ့ကလည်း မွှေးပျံ့နေတော့ မင်းဝေ လည်း ဟန်မဆောင် နိုင်တော့ပဲ စားလိုက်တော့သည်။
ဒီလို စားခဲ့လေပြီး ခဏကြာတော့ သူ့ရဲ့ မျက်ခွံတွေက လေးလံလာခဲ့တော့သည်။ မျက်လုံးကို ဖွင့်ထားပေမဲ့ မရတော့ အိပ်ချင်လိုပင် ဖြစ်ခဲ့ရတော့သည်။ ဒီတော့ သူလည်း အရိပ်ကောင်းတဲ့ အပင်တစ်ပင်အောက်ကို သွားခဲ့ပြီး အိပ်စက်လိုက် လေတော့၏။
အချိန်မည်မျှ ကြာသွားသည် မသိတော့ ပြန်လည် နိုးလာတဲ့အခါ သူ့ရဲ့ ပုံပန်းသဏ္ဍာန်က ပြောင်းလဲ နေတာကို အံ့သြ ထိတ်လန့်ဖွယ် သိလိုက်ရတော့လေသည်။ လက်တွေက ရှည်လာကာ ခါးကကိုင်းလာပြီး ခန္ဓာကိုယ်ကလည်း ကြီးမားလာကာ အားအင်တွေက ပိုသန်လာသလိုပင်။ ပြီးတော့ မျက်လုံးတွေ နီလာပြီး သွားတွေလည်း ချွန်ထက်လာခဲ့သည်။
ရုတ်တရက် ကြည့်လိုက်ရင်တော့ မျောက်ဝံကြီးလိုလို သရဲတစ္ဆေ တစ်ကောင်လိုပါပဲ။ ဒီတော့ မင်းဝေ လည်း အံ့သြသွားကာ တော်တော်လေးလည်း ထိတ်လန့် သွားရတော့သည်။ ပြီးတော့ စကားပြောကြည့်ပေမဲ့ အသံလည်း မထွက်တော့။
ပါးစပ်မှ တဂီးဂီး တဂူးဂူးနဲ့သာ ထွက်ပေါ်လာခဲ့တော့သည်။ ဒီတော့ မင်းဝေလည်း ဘာလုပ်ရမှန်းပင် မတွေးတတ်တော့။ စိတ်မကောင်းဖြစ်ရုံမှ အပ တခြား မရှိတော့ပေ။ အရင်ကတော့ တွေ့တာ စားခဲ့ပေမဲ့ အခုတော့ မရတော့။ အသားစိမ်းကို အာသာငမ်းငမ်းနဲ့ စားချင်လာခဲ့ပြီ။ အသားမစားရရင် အင်အား ပြတ်သလိုတောင် ခံစားရခဲ့သည်။ ဒီတော့ တွေ့သမျှ တရိစ္ဆာန်တွေကို ဖမ်းဆီးပြီးသာ စားသောက် ခဲ့တော့ သည်။ ဒီလိုနဲ့ အချိန်အတော်ကြာ ဖြတ်ကျော်လာခဲ့ပေမဲ့ သူကတော့ မပြောင်းလဲတော့ပဲ ထို့ထက်သာ ပို၍ ဆိုးလာခဲ့တော့သည်။
တစ်နေ့မှာတော့ တောထဲမှာ ကားတစ်စီးကို သူတွေ့လိုက်ရသည်။ ထိုကားက တောင်စောင်းပေါ်ကနေ လျောကျလာပုံပါ။ ဒါပေမယ့် သူဟာ လူအဖြစ်တုန်းက အကြောင်းတွေကို သိပ်ပြီး မမှတ်မိတော့ပေ။ ကား ဆိုတာ လောက်သာ သိခဲ့ပြီး တံခါး ဖွင့်ရတာတွေ မောင်းရတာတွေကိုတော့ လုံးဝကို မသိတော့ပေ။ သူ့ပုံစံ သူ့အသိက တရိစ္ဆာန်သာသာပင် ရှိနေခြင်းပါ။
သူလည်း ကားတစ်စီးကို တွေ့တော့ သွားကြည့်မိလိုက်သည်။ ဒီတော့ ကားပေါ်မှာ လှဲလျောင်းနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဒီတော့ သူ့စိတ်ထဲမှာ လူဆိုပြီး အသိလေး ဝင်လာခဲ့ပေမယ့် အသား စားချင်စိတ်ကသာ တိုးလာခဲ့သည်။ အသိဥာဏ်ကို မောဟ ဖုံးလိုက်သလိုပင်။ ဒီတော့ ကားထဲက လူကို ဆွဲထုတ်ချင်ပေမဲ့ မထုတ်တတ်ပေ။ ကားတံခါးကိုလည်း မဖွင့်တတ်။ ကားဘေးမှာသာ လက်သည်းတွေနှင့် လိုက်လံ ကုတ်ခြစ် နေခဲ့တော့သည်။ နောက်ဆုံး မရမှန်းသိလေတော့ စိတ်ပျက်ပျက်နှင့်သာ ထွက်ခွာ သွား တော့လေသည်။
ဒီလိုနဲ့ တောထဲမှာ သွားနေရင်း လူတစ်ယောက်ကို ရုတ်တရက် ထပ်ပြီး တွေ့လိုက်လေသည်။ ဒီတော့ စားချင်စိတ်ကသာ ကြီးစိုးလာပြီး ထိုလူနောက်ကို ပြေးလိုက်လာရာ ထိုသူကလည်း သူ့ကို မြင်လိုက်တော့ ကြောက်လန့်ပြီး ထွက်ပြေးလေတော့သည်။ သူလည်း အနောက်ကနေ အသည်းအသန် ပြေးလိုက်ကာ ဖမ်းဆီး စားသောက်ဖို့ကို ကြိုးစားတဲ့အခါ သူက အားပိုသန်လေတော့ မကြာခင်မှာပဲ ဖမ်းမိလိုက်သည်။ ဒီတော့ အာသာ ငမ်းငမ်းတက် ကိုက်ဆွဲကာ တဂျွတ်ဂျွတ်နဲ့ပင် စားသောက်ပါတော့သည်။ စားပြီးတဲ့ အခါ မှာတော့ လူသားရဲ့အရသာကို သိသွားခဲ့ပြီး အကြိုက်တွေ့ သွားတော့၏။
ထို့နောက် ကားရှိရာ ဆီကို လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ ပြေးနေတဲ့ လူနှစ်ယောက်ကို တွေ့ လိုက်တဲ့ အခါ လူသားကို စားချင်ဇောနဲ့ အသားကုန်ပင် ပြေးလိုက်လေတော့ မကြာခင်မှာပဲ လဲကျသွားတဲ့ လူတစ်ယောက်ကို ဖမ်းမိသွားပြီး ကျန်တစ်ယောက်ကတော့ ထွက်ပြေးသွားတာကို တွေ့လိုက်လေတော့ သူလည်း မိလိုက်တဲ့ တစ်ယောက်ကို တစ်ကိုက် ကိုက်လိုက်ကာ ထွက်ပြေးသွားတဲ့သူကို မိအောင် လိုက်ဖမ်း ပြန်လေသည်။ သူ့အကြံကတော့ ဒီလိုနေရာမှာ ဒီလို လူတွေဆိုတာ တွေ့ရဖို့မလွယ်ပေ။ လူသားကလည်း စားဖူးသွားလေတော့ တော်တော်လေးကို စွဲမ က် သွားလေတော့သည်။ မကုန်ရင်တောင်မှ နောက်ရက်တွေ ထပ်စားလို့ ရသေးသည်ပဲ။
ဒီလိုနဲ့ ထွက်ပြေးသွားသူကို လိုက်နေရင်း ထိုသူကတော့ ကားလမ်းမပေါ် ရောက်သွားသည်ကို တွေ့လိုက် ရ တော့သည်။ သူကတော့ ကားလမ်းပေါ်မတက်ပေ။ သူ့အတွက် အန္တရာယ်ရှိသည်ဟု သိထား၍ ခပ်လှမ်း လှမ်း တောစပ်ကသာ အသာ လှမ်းကြည့်နေခဲ့သည်။ ဒီအချိန်မှာပဲ ကားကြီးတစ်စီးက မထင်မှတ်ပဲ ထိုသူကို ဝင်တိုက်သွားတာ တွေ့လိုက်ရသည်။ သူလည်း ခဏပုန်းအောင်နေပြီး ထိုကား မရှိတော့မှသာ ကားတိုက် ခံရတဲ့ သူကို သွားဆွဲယူလိုက်ပြီး သူနေတဲ့ နေရာမှာပင် ထားလိုက်တော့သည်။ သူဆာတဲ့အခါ အသာအယာ ဖဲ့စားရုံပင်။ အဲ့ဒီနောက် တောထဲ လျောက်သွားနေရင်း တစ်နေရာမှာတော့ လဲကျသေဆုံးနေသူ တစ်ယောက် ကို ထပ်တွေ့ခဲ့၍ ဆွဲယူ ထားလိုက်တော့သည်။
သူလည်း လူသားတွေကို ကြိုက်လွန်း၍သာ စားနေရပေမယ့် တစ်ချက် တစ်ချက်မှာတော့ သနားစိတ်လေး ဝင်ဝင်လာလေသည်။ သို့ပေမယ့်လည်း မစားရရင် မနေနိုင်တော့ပေ။ တစ်ညမှာတော့ တောစပ် တစ်နေရာမှာ ကားတစ်စီး၏ မီးရောင်ကို တွေ့လိုက်ရတာကြောင့် သူလည်း ချောင်းမြောင်းကာ ကြည့်ရှု့ နေခဲ့လေသည်။ တွေ့လိုက်ရသည်က ကားဘေးမှာ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ဘာလုပ် နေမှန်းတော့ သူလည်း မသိပေ။ သူ့မှာက အသိစိတ် အနည်းငယ် ရှိနေလေတော့ စွတ်ရွတ်ပြီးလည်း လူတွေကို သွားမဆွဲ။ အခြေနေကို အကဲခတ်ပြီးမှသာ ဆွဲယူတတ်သည်။
ဒီလိုကြည့်နေရင်း လူတစ်ယောက်က ကားပေါ်တက်သွားပြီး တစ်ယောက်ကတော့ ကားဘေးမှာ ရပ်နေတာကို တွေ့လိုက်လေတော့ စားချင်စိတ်နဲ့ ပုန်းနေရာကနေ ဝုန်းခနဲ ပြေးထွက်ကာ လည်မြိုကို ကိုက်ခဲလိုက်ပြီး တောတွင်းသို့ ဆွဲယူလာခဲ့တော့သည်။ ကားပေါ်က ကျန်တဲ့ တစ်ယောက်ကတော့ သူ့ကိုကြောက်ကာ အလျင်အမြန် မောင်းထွက်သွားတာကိုလည်း သိလိုက်ရတော့သည်။ ခဏအကြာမှာတော့ ကားတစ်စီး တိမ်းမှောက်သံကြီးကို ကြားလိုက်ရလေတော့ ပျော်ရွှင်သွားမိ လေတော့သည်။ ဒီလူကို စားပြီး ခဏနေရင်တော့ မှောက်သွားတဲ့ ကားဆီကို သွားကာ လူသေတွေ့ရင် ယူလာဖို့လည်း စဉ်းစား ထားခဲ့ တော့သည်။
လူတစ်ယောက်ကို အသာငမ်းငမ်း သွေးသံရဲရဲနဲ့ စားပြီးသွားတဲ့ အခါမှာတော့ ဗိုက်ပြည့်သွားခဲ့ပြီး ခဏတဖြုတ် လှဲနေလိုက်ပြီး လူ့အသိစိတ်တို့က အနည်းငယ်ပင် ဝင်ရောက်လာခဲ့ လေတော့သည်။ သူ့စိတ်ထဲမှာတော့ သူ့ကြောင့် သေသွားရတဲ့ လူတွေကို တွေးမိကာ မျက်ရည်တွေပင် ကျလာမိလေပြီး တစ်ဆက်ထဲ တွေးမိလိုက်သည်က ဒီဘဝက ဘယ်တော့မှ ကျွတ်လွတ်မှာလည်း ဟုတွေးမိလေပြီး စိတ်မကောင်း ဖြစ်လာခဲ့ရတော့သည်။ ဒါပေမယ့်လည်း မကြာပေ။ အသားစားချင်တဲ့ စိတ်တွေက ပြန်လည် ဖြစ်ပေါ်လာခဲ့ပြီး အသိစိတ်နဲ့ ကွင်းလွတ်သွားပြန်ကာ အရိုင်းအစိုင်း စိတ်တွေသာ ဝင်ရောက်လာခဲ့ တော့ လေသည်။
ဒီလိုနဲ့ တစ်ရက်တာ ကာလ ကုန်လွန်ခဲ့ပြီး နောက်တစ်နေ့ နေ့လည်ပိုင်း အချိန်ကို ပြန်လည် ရောက်ရှိလာခဲ့တော့သည်။ ထို လူသားစားတဲ့ သတ္တဝါကြီးမှာတော့ သူနေတဲ့ နေရာလေးမှာ လှဲလှောင်း နေရင်း နားထဲမှာတော့ သစ်ရွက်ခြောက်တွေကို နင်းလာတဲ့ ခြေသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။ ဒီတော့ ထိုအကောင်ကြီးလည်း အံ့သြသွားကာ အသံကြားရာဆီ ကြည့်လိုက်မိလေတော့ တောတွင်းမှာ လူတစ်ယောက် လျောက်လာတာကို တွေ့လိုက်ရတော့သည်။ အသာ ချောင်းမြောင်းကာ နေလိုက်ပြီး ထိုလူကို သေချာ ကြည့်လိုက်တဲ့အခါ သူ့ရဲ့ စိတ်ထဲမှာ ရင်းနီးနေသလိုလည်း ခံစားလိုက်ရလေသည်။ လူသားကို စားချင်စိတ်က ဖြစ်ပေါ်လာပေမဲ့ ဘာကြောင့်မှန်းတော့ မသိ။ ထိုလူကို စားချင်စိတ်အစား ရင်းနီး စိတ်တွေ က ဝင်လာခဲ့လေသည်။ ထို့ကြောင့် သူလည်း မစားတော့ဘူးဟု တွေးလိုက်ကာ ထိုလူနဲ့ ဝေးအောင် နေရာ ကနေ ထွက်သွားဖို့ကိုပဲ ပြင်ထားလိုက်တော့လေသည်။
တောတွင်းမှာ တစ်ယောက်ထဲ လျောက်လာသူကတော့ အောင်သူပါ။ အောင်သူကတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ မင်းဝေကို အချိန်အားတိုင်းမှာ တောထဲ လှည့်လည်ကာ ရှာနေခဲ့သည်။ အခုလည်း ဒီတောနားမှာ ကားတွေကို ခနခန သရဲခြောက်ခံရပြီး လူတွေလည်း ပျောက်နေခဲ့၍ ဒီနေရာကို စုံစမ်းဖို့ အတွက် လာရောက် လေ့လာခြင်းပင်။ သူလည်း တောတွင်းမှာ လျောက်ကြည့်နေရင်း တသ်နေရာ အရောက်မှာတော့ စွတ်ကြောင်းကြီး တစ်ခုကို တွေ့လိုက်ရတော့သည်။ ထိုစွတ်ကြောင်းကတော့ တစ်ခုခုကို ဆွဲယူသွားတဲ့ စွတ်ကြောင်းတစ်ခုမှန်း အောင်သူလည်း တွေးမိလိုက်ပြီး ခြေရာခံကာ လိုက်လာခဲ့ခြင်းပါ။
ဒီအချိန်မှာပဲ သူ့အရှေ့ ခြုံကြီးတစ်ခြုံထဲကနေ အကောင်ကြီးတစ်ကောင် ထွက်လာတာကို ရုတ်တရက် အံ့သြဖွယ် မြင်လိုက်ရတော့သည်။
"ဟင်… ဘာကောင်ကြီးလည်းဟ"
ဆိုပြီး ရေရွတ်မိကာ အံ့သြသွားတော့သည်။ သူကြည့်လိုက်တော့ ထိုအကောင်ကြီးက လူလိုလို မျောက်ဝံကြီး လိုလိုနဲ့ အကောင်ကြီးတစ်ကောင်ပါ။ ဒါပေမဲ့ တရိစ္ဆာန်တော့ မဟုတ်နိုင်ပေ။
အကြောင်းကတော့ ထိုအကောင်ကြီးရဲ့ ခန္ဓာကိုယ်မှာ အဝတ် အစား အစုတ်အပြတ် တွေကိုလည်း မြင်လိုက်ရလေသည်။ ဒီတော့ သူလည်း တွေးမရတော့ပေ။ ဒီလို သတ္တဝါမျိုးလည်း သူတစ်ခါမှ မြင်ဖူးခဲ့ခြင်း မရှိခဲ့။ အိပ်မက်လားလို့တောင် ထင်နေမိခဲ့သည်။ တော်တော်လေးလည်း ထိတ်လန့်သွားမိ တော့သည်။ မျက်နှာကြီးကလည်း ကြောက်မက်ဖွယ် ကောင်းလှပြီး ပါးစပ်နဲ့ အနီးတဝိုက်မှာတော့ သွေးစ သွေးန တွေကိုလည်း တွေ့လိုက်ရသေးသည်။
ထိုအကောင်ကြီးက တဂီးဂီးနဲ့ အော်မြည်ကာ သူ့ဆီကို လာနေသလို မြင်လိုက်ရတဲ့ အခါမှာတော့ အောင်သူလည်း အလျင်အမြန်ပင် သေနတ်ကို ထုတ်လိုက်တဲ့ အခါမှာတော့ ထိုအကောင်ကြီးက သူ့ဆီကို ပြေးလာတာကို မြင်လိုက်ရလေတော့ သေနတ်ဖြင့် ဒိုင်းခနဲ တစ်ချက် ပစ်လိုက်တော့သည်။ သို့ပေမဲ့ အကောင်ကြီးကတော့ သေနတ် ထိသွားပေမဲ့ တစ်ချက်သာ ယိုင်သွားခဲ့ပြီး သူ့ဆီကို အလျင်အမြန် ပြေးချလာပြီး နောက်တစ်ချက် ထပ်ပစ်ဖို့ ရွယ်လိုက်စဉ်မှာပဲ အကောင်ကြီးက လျင်မြန်စွာ သူ့ကို လက်နဲ့ တစ်ချက် ရိုက်ချလိုက်လေတော့ သူလည်း လွင့်ထွက်သွား ခဲ့ရတော့သည်။
"အား… ကျွတ်… ကျွတ်… တော်တော်ပြင်းတဲ့ လက်သံပါလား"
ဆိုပြီး ညည်းလိုက်မိတော့သည်။ ထို့နောက် ထိုအကောင်ကြီးက ရုတ်တရက် သူ့ဆီကို ထပ်ပြီး ပြေးလာ ခဲ့တာကိုလည်း မြင်လိုက်တော့သည်။ ပြေးလာပုံကြီးက ကြောက်စရာကြီးပင်။ ခြေလှမ်းကျဲကြီးနှင့် မျက်နှာကြီးက ခက်ထန်ကာ ပြေးလာတာကိုလည်း မြင်လိုက်လေတော့ အောင်သူလည်း ဇတ်ခနဲ ထထိုင် လိုက်ကာ သေနတ်နှင့် အလျင်အမြန်ပင် လေးချက်ခန့် ဆက်တိုက် ပစ်လိုက်တော့သည်။
ဒီအခါမှာတော့ ထိုအကောင်ကြီးထံမှ တဂီးဂီးနဲ့ ညည်းညူသံကြီးကို ကြားလိုက်ရပြီး နေရာမှာပင် လဲကျသွားတော့သည်။ အောင်သူလည်း ထိုအခါမှပင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ထိုသတ္တဝါကြီး လဲကျနေရာသို့ မဝံ့မရဲဖြင့် သွားကြည့်လိုက်တော့ သေခါနီးဆဲဆဲ အသက်ငင်နေပြီး သူ့ကိုလည်း စိုက်ကြည့်နေသလိုပင် ခံစားလိုက်ရသည်။ အောင်သူ့စိတ်ထဲမှာတော့ သည်အကောင်ကြီးရဲ့ အကြည့်က တမျိုးတော့ ဖြစ်နေသည်ဟု သိလိုက်ပေမဲ့ ဘာလည်း ဆိုတာတော့ တွေးမရခဲ့ပေ။ ခဏအကြာမှာတော့ သေဆုံးသွားခဲ့ပြီ ငြိမ်သက် သွားခဲ့တော့သည်။
အဲ့ဒီနောက်မှာ ပတ်ဝန်းကျင် တစ်ဝိုက်ကို လေ့လာကြည့်မိတော့ အနီးအနားမှာ လူသေ အပိုင်းအစတွေရယ် အရိုးစုတွေရယ် စသဖြင့် တွေ့လိုက်ရတော့ အံ့သြကာ မှက်တက်မိတော့သည်။ ဒါဟာ တစ်ကောင်ကောင် စားထားသလိုပါလား။ ဧကနတော့ စောစောက အကောင်ကြီး စားထားတာပဲ ဖြသ်ရမည်ဟုလည်း တွေးမိလိုက်ပြီး ကျောပင် ချမ်းသွားမိတော့လေသည်။ စောစောတုန်းက ဒီအကောင်ကြီး ထွက်လာတဲ့ နေရာမှာဆိုတော့ သူထင်တာလည်း ဖြစ်နိုင်လောက်သည်ဟုလည်း သိလိုက်လေသည်။ ဒါဆို သူနဲ့ကြုံခဲ့ရတာက လူသားတွေစားတဲ့ အကောင်ကြီးပေါ့။ ဘုရား ဘုရား ကံသီပေလို့ပဲဟု ကောက်ချက် ချလိုက်မိတော့သည်။
ထို့နောက်မှာတော့ သက်ဆိုင်ရာနဲ့ လုပ်ဆောင်လေဖို့ အောင်သူတစ်ယောက် တောထဲမှ ပြန်ထွက် လာခဲ့တော့သည်။ အတွေးထဲမှာတော့ ဒီလို ထူးဆန်းအံ့သြ ဖွယ်ရာ အကောင်မျိုးကို တစ်ခါမှလည်း မကြုံခဲ့ဖူးပေ။ ဒီကြားထဲ မင်းဝေကိုလည်း ရှာမတွေ့သေး။ သူငယ်ချင်းလည်း ဘယ်တွေများ ရောက်နေ ပြီလည်း မသိတော့။ ထိုသတ္တဝါကြီးကတော့ မင်းဝေဆိုတာ အောင်သူ တစ်ယောက် မသိရှိခဲ့ပေ။ အကယ်၍ သိခဲ့ပါမူ …။
ကံတရားဆိုသည်က တစ်ခါတစ်ရံမှာ ဆန်းကြယ်သလောက် တစ်ခါတစ်ရံမှာလည်း ကြောက်စရာ ကောင်းလှပေသည်။
…ပြီးပါပြီ…
စာရေးဆရာကိုလေးစားစွာဖြင့်
credit
Be the first to comment